Search This Blog

Wednesday, 29 January 2014

၂၀၁၄ ခုနှစ်မှာ ကျုပ်တို့ဟာ ကြည့်မှန်တစ်ချပ်ဆောင်ထားသင့်တယ်

၂၀၁၄ ခုနှစ်မှာ ကျုပ်တို့ဟာ ကြည့်မှန်တစ်ချပ် ဆောင်ထားသင့်တယ်





အေးစက်နေတဲ့ သဲအိုးလေးအကွဲလေးကို ရေဖြည့်လိုက်တယ် ဒါဟာ လက်ရှိ Social website ပေါ်က ကဗျာဆရာတွေရဲ့ Icon ပဲ ။ ကြွပ်ဆတ်ဆတ်ဖြစ်နေတဲ့ အတ္တက တစ်ယောက်ထဲဘောင်ဘင်ခတ်လို့ ။ စိတ်ဟာ ရှေးဟောင်းနှောင်းဖြစ် ပန်းချီကားတစ်ချပ်လို တစ်ချို့က ဒါဗင်ချီနဲ့ တစ်ချို့က ဦးငွေကိုင်နဲ့ တကယ်တော့ ကျုပ်တို့ဟာ ကိုယ့်ရုပ်အသေတွေ ကိုယ်ပြန်ငေးနေရတဲ့ ကောင်တွေပါ ။ မှန်စာတိုက်ပြီးသားကြိုးတွေနဲ့ ရုပ်သေးရုပ်လေး လိုချင်တယ် ။ ကိုယ့်ကိုယ်ကို အထိအခိုက်မခံချင်တော့တဲ့အခါ နာကျင်မှုအတွက် အဖိုးတန်ကွန်ဒုံးတွေ လိုလာပြီ ။
တရဲရဲ တောက်လောင်နေတဲ့ စီးကရက်မီးလေးကို လူ့အဖွဲ့အစည်း ပုံစံခွက်ထဲထိုးချေပစ်လိုက် ။ မျှော်လင့်ချက်ဟာ မီးငြိမ်းတောင်က ချှော်ရည်တွေပဲ ။ ငယ်ငယ်က ဘုရားပွဲဈေးမှာ စက္ကူမြင်းရုပ်လေး ပူဆာဖူးတယ် ။ တကယ်တော့ စက္ကူမြင်းလေးဟာ ကျုပ်နဲ့ သိပ်တူတာပဲ ။ ရုပ်ပိုင်းဆိုင်ရာ ဝါဒတွေနဲ့ ကိုယ်ရည်သွေးဟန်ပန်တွေကလွဲရင် ခြေတစ်လှမ်းတောင် ကိုယ့်ခွန်ကိုယ့်အားနဲ့ မရုန်းနိုင်ဘူး ။ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ယုယကြည့်တယ် တစ်ခါတစ်ခါ မျက်စပစ်ထားတဲ့ သံသယတွေနဲ့ ကျွန်တော့်ကို ပစ်ပယ်လိုက်တယ် ။ စိုင်ကော်မှ ခြုံပေါ်ရောက်မယ့် ခေတ်ထဲမှာ ကျွန်တော် စိုင်တစ်ကောင် ဖြစ်ချင်တယ် ။ ခွေးဖြစ်ခဲ့ရင်တောင် ကောက်ရိုးပုံစောင့်ရတာထက် ပြာပုံထဲပဲတိုးနေချင်တယ် ။ အခြေခံစိတ်ခံစားချက်ဟာ ကိုယ့်အနာကိုယ်လျှာနဲ့သပ်ရသလိုပဲ ။ အရသာခံလိုခြင်းမရှိဘူး ။
တယ်လီကွန်ဖရန်စီနည်းပညာတွေနဲ့ တိုးတက်လာခြင်း
လူကေးမီးယားရောဂါတွေနဲ့ ဆုတ်ယုတ်လာခြင်း စတဲ့သတင်းတွေဟာ ကျုပ်တို့အတွက် အီးဇီးတူး(သန္ဓေတားဆေး)တစ်ကဒ်ဖိုးလောက်တောင် အရေးကြီးပုံမရဘူး ။ ကမ္ဘာမြေကို သွေးအစစ်တွေ ဖောက်လှူချင်တယ် ။ သစ္စာတရားဟာ ကိုယ်ခန္ဓာပေါ်က အသေးစားသွေးကြောမျှင်တွေလိုပဲ စောက်ရမ်း ပေါက်ပြဲလွယ်တယ် ။ မျက်လုံးတွေပွတ်သပ် လက်ညှိုးတွေ လျှောက်ထိုးနေပေမယ့် ကျုပ်တို့ အခုထိ မှန် မကြည့်ဖြစ်သေးဘူး ။ နောက်ဆုံးတော့ ခိုးဝှက်ထားတဲ့ Location ထဲမှာ ကိုယ့်ကိုယ်ကို Save မနှိပ်ဖြစ်ခဲ့တဲ့ bat.file တွေဟာ ကျုပ်တို့ပဲ ဖြစ်သွားတယ် ။





နွေစကူး



No comments:

Post a Comment