မခင်ကျော့ကျော့ခိုင် ...
ပူလောင်နေတဲ့ ညကိုဆာတယ်ဗျာ
အခိုးဝေနေတဲ့ ကော်ဖီခွက်ကိုဆာတယ်ဗျာ
အလျှံညီးနေတဲ့ မီးလင်းဖိုကိုဆာတယ်ဗျာ
ကျုပ်ခင်ဗျားကို ဆာတယ်
မခင်ကျော့ကျော့ခိုင် ... ။
အိမ်ခေါင်မိုးကြားက ယိုစိမ့်ကျတဲ့
လရောင်ဟာ ခင်ဗျားပေါ့
ကျုပ်ဆုတောင်းသံပြည့်အောင်
မနေနိုင်မထိုင်နိုင် ခုန်ဆင်းလာတဲ့
ဓူဝံကြယ်ဟာ ခင်ဗျားပေါ့
ကျုပ်ကို ကိုင်လှုပ်ပေးပါ
ကျုပ်ဟာ ပက်စီပုလင်းတစ်လုံးပါ
ကျုပ်ဟာ ဘီယာပုလင်းတစ်လုံးပါ
မမြိုနိုင် မသိပ်နိုင်
ကျုပ်ရင်ဘတ်ကြားက ထွက်လာသမျှ
အမြုပ်တစီစီဟာ ခင်ဗျားပေါ့ ... ။
အရက်ပုလင်းခွံတွေထဲမှာ
စီးကရက်ဘူးခွံတွေထဲမှာ
ကွမ်းယာအိတ်တွေထဲမှာ
ခင်ဗျားရင်ခွင်ထဲမှာ
ကျုပ်ဟာ အဆိပ်ကို အနွေးထည်လုပ်ဝတ်ခဲ့သူပါ
မခင်ကျော့ကျော့ခိုင် ... ။
ဆောင်းခိုနေသမျှ
ကမ္ဘာတစ်ခြမ်းဟာ အေးခဲ
မြို့ပြတစ်ခုလုံး အေးခဲ
တစ်အိမ်လုံးအေးခဲ နေပါစေ
ခင်ဗျားရှိတဲ့အခန်းလေးက နွေးဆဲပဲဗျ
မခင်ကျော့ကျော့ခိုင်ရဲ့ ။
တောင့်တ ခင်ဗျားအပြုံးလေး
တောင့်တ ခင်ဗျားနှုတ်ခမ်းလေး
တောင့်တ ခင်ဗျားပေးတဲ့ ညတာတိုတိုလေး
မိသားစုလေးတစ်ခုစာ
လူအဖွဲ့အစည်းတစ်ခုစာ
ကျုပ်တို့နှစ်ယောက်ကို
'ဖေဖေကြီး' 'မေမေကြီး' လို့ခေါ်မယ့်
ချာတိတ်ပေါက်စလေးတွေက အစ
ကျုပ်တို့သွေးသားနဲ့ ရင်းနှီးတည်ဆောက်ကြပါစို့
မခင်ကျော့ကျော့ခိုင် ။
New York ဟာမြို့ပြတစ်ခုဖြစ်ကြောင်း
ဟစ်တလာဟာ စစ်မုဆိုးဖြစ်ကြောင်း
ဧဒင်ဟာ ဥယျာဉ်တစ်ခုဖြစ်ကြောင်း
ကျုပ်တို့ မသိခဲ့သမျှ
ကျုပ်တို့ရဲ့ သားနဲ့သမီးတွေကိုပြောပြမယ်
ကုန်ဈေးနှုန်းတွေ တက်တဲ့ကိစ္စ
စီးပွားပျက်ကပ်ဆိုက်တဲ့ကိစ္စ
ထမင်းကြော်တစ်ပွဲကို နှစ်ယောက်လုစားခဲ့တဲ့ကိစ္စ
ကျုပ်တို့ သိခဲ့သမျှ
သူတို့လေးတွေ မသိရအောင်
ထိန်းသိမ်းထားကြပါစို့
မခင်ကျော့ကျော့ခိုင် ။
ဒီလိုပေါ့ မခင်ကျော့ကျော့ခိုင်ရေ
ကျုပ်တို့အရေပြားလေးတွေ တွန့်လာတဲ့အထိ
ကျုပ်တို့အရိုးအကြောတွေ တုံ့ဆိုင်းလာတဲ့အထိ
ကျုပ်တို့နှစ်ယောက်
မိုက်မိုက်မဲမဲ ကိစ္စလေးတွေကို
သေသေချာချာ ဆင်ခြင်ပြီးမှ
တိတိကျကျ ဆက်မှားကြတာပေါ့
မခင်ကျော့ကျော့ခိုင်ရေ ..... ။ ။
နွေစကူး
No comments:
Post a Comment