Search This Blog

Wednesday, 29 January 2014

အလွမ်းဆီးနှင်းများ တဖြိုင်ဖြိုင်ကျနေသော ချစ်သူဝေးရာသီ

***အလွမ်းဆီးနှင်းများတဖြိုင်ဖြိုင်ကျနေသောချစ်သူဝေးရာသီ***
♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥



မနက်စောစောအပြင်ထွက်တဲ့အခါ
နှင်းရည်စိုလဲ့လဲ့အမှုံအမွှားများဟာ
မျက်တောင်ဖျားဆီမှာ
အနွေးဦးထုတ်အပေါ်ယံဖျားမှာ
အလိုတူတူမတူတူ
အလိုအလျောက်လာရောက်ဖက်တွယ်ထားကြတော့တာပါပဲ

ဟောဒီ•••နှင်းရည်နှင်းစက်တွေဟာ
သူ့ကိုချစ်နေတဲ့ခံစားချက်များလို
ကိုယ့်ကိုကြည်နူးစေတယ်
ပြီးတော့ အလွမ်းများလို
ချမ်းတုန်စေတယ်။

အေးစက်နေတဲ့မြို့ကလေးမှာ
ကိုယ့်နှလုံးသားလေးလည်းအေးစက်
ချစ်သူအဝေးမှာနေရသူတိုင်း
အပြုံးတွေအမြဲနွေးနေတယ်ဆိုတာ
ဘယ်ရှိပါ့မလဲကွယ်။

"အရိပ်လိုချင်နေပူကစောင့်"တဲ့
ရန်ကုန်မြို့နေပူကြီးထဲမှာ
မနားတမ်းပြေးရင်းလွှားရင်း
အချစ်မှာမလိုပါဘူးဆိုတဲ့ပကာသနများကို
ဦးထိတ်ပန်ဆင်ဖို့ နှလုံးခုန်နှုန်းကိုလျစ်လျှူရှု
သူက•••နေပူကြီးထဲမှာပြေးတယ်

ပုဝါပါးစွန်းမှာကိုလည်းမစိုးထိတ်
တစ်ရွာသားစိတ်ပြောင်းမှာကိုလည်းသွေးမထိတ်ဘဲ
အချစ်တစ်ခုကိုယုံယုံကြည်ကြည်နဲ့
ကိုယ်က•••နေရိပ်ထဲကသူ့ကိုစောင့်တယ်။

လိမ္မော်သီး စားပြီးတဲ့အခါအခွံတွေလွှတ်မပစ်ဘဲ
နေလှန်းထားလိုက်သလိုမျိုး
ဆုံတွေ့ချိန်ခဏရဲ့ချိုမြမှုများမှကွာကျလာတဲ့
အချစ်မိနစ် အချစ်စက္ကန့်များကို
ရင်ငွေ့နွေးနွေးအောက်မှာသိမ်းဆည်း
လိမ္မော်ခွံကိုလူသုံးကုန်အဖြစ်ပြန်လည်အသုံးပြုသလို
အလွမ်းပြဇာတ်တိုလေးများအဖြစ်ဖုန်းထဲကနေထုတ်လွှင့်ကြတယ်။

ပခုံးချင်းမှီထားမယ်
လက်ချင်းချိတ်ထားမယ်
နန်းမြို့ရိုးကြီးကိုအတူတူငေးမယ်
ပြီးတော့•••
တစ်ယောက်မျက်ဝန်းကိုတစ်ယောက်ပြန်လည်ငေးကြမယ်


ဝေးနေရတဲ့အချိန်တွေတိုင်းမှာ
စိတ်ကူးနဲ့အကြိမ်ကြိမ်ရူး
အခိုက်အတန့်ကာလလေးကိုမကြာခဏတွေး
"ငရုပ်သီးလျော့စားပါ"ဆိုတဲ့သူ့စကားကို
အကြိမ်ကြိမ်ကြားယောင်ပြီးအကြိမ်ကြိမ်ဖောက်ဖျက်
ကိုယ်ဟာ သူ့စကားကိုနားမထောင်တဲ့
သူ့ညီမဆိုးလေးတစ်ယောက်လည်းဖြစ်တယ်

သူ့ညီမဆိုးလေးကိုယ်က
ဝမ်းနည်းလို့ကျလာတဲ့မျက်ရည်ကို
ငရုတ်သီးစပ်လို့ကျလာတဲ့မျက်ရည်နဲ့ရောတတ်သေးပါရဲ့

ခွဲခွာရမယ့်အချိန်နီးလေ
ပြည်ကြီးမျက်ရှင်ကားဂိတ်ကိုသွားရမယ့်အချိန်နီးလေ
စကားသံတွေတုန်ခါလာတတ်သလို
မျက်ဝန်းတွေဆီမှာ အရည်တွေပိုလဲ့လာတတ်တယ်
ဒါတွေဟာ
တိုင်ပင်မထားဘဲ ကိုယ်တို့နှစ်ယောက်
ပြုမြဲပြုနေကြတဲ့အပြုအမူတွေပေါ့

မခွဲချင်လည်း ခွဲနေရအုံးမယ်
မလွမ်းချင်လည်း အလွမ်းကာလတွေ
ရှည်ကြာနေရအုံးမယ်

ဖုန်းထဲမှာအသံချင်းနီးသွားရတဲ့နေ့ရက်တွေထက်
တာမွေနဲ့နောင်ချိုကြားကမိုင်တိုင်တွေကိုဆွဲချုံ့ပြီး
မြို့ချင်းနီးသွားမယ့် အနေအထားမျိုးဟာ
ညစဉ်ညတိုင်း မကြာခဏတောင်းနေမိတဲ့
ကိုယ့်ရဲ့ဆုတောင်းငယ်လေးတစ်ခုရယ်ပါ။ ။

နွေနု(law)

No comments:

Post a Comment