Search This Blog

Wednesday, 29 January 2014

အပိုဆာဒါးတွေဖြတ်ချထားလိုက်တယ်







မီးပုံထဲ ခုန်မဆင်းခင် ကတည်းက
တွင်းကို ကြိုတူးထားပြီးသား
မနက်ခင်းတွေ လွဲပေးရတိုင်း
ညည့်ပိုနက်လာပေါ့
အမှောင်ထဲမှာပျော်သူရဲ့ စုံလုံးကန်းခြင်းမျိုး
အနာဟောင်းကို လျှာနဲ့သပ် အရသာခံတယ်

တစ်သျှူးတစ်စဟာ လမ်းဘေး လုံးထွေးတွန့်ကြေ
ငြမ်းလည်း ပြိုခဲ့ပေါ့
ငါ့ပုခုံးကို နင်းတက်သွားပါ
ငါက ထုသားပေသားကျပြီးသား
အမြင့်ဟာ နင်းတက်သူတွေအတွက် တင့်တယ်
မြေဇာပင်က ကြေမွနေမြဲ

အို
ငါက ထိကရုံးမှ မဟုတ်တာ
ကျွဲပုခုံးပြရင်း မာန်တင်း တက်ခေါက်
အနိမ့်အမြင့် တန်းညှိမရတဲ့ ပထမလှေကားထစ်ပဲ
အသက်ကို ခဲခဲယဉ်းယဉ်း ရှူတယ်

ယဲ့ယဲ့လေးရှင်သန်နေရတဲ့ဘဝ
ရင်တစ်ချက်ခုန်တိုင်း အိပ်ကပ်စမ်းနေရမှတော့
စပျစ်သီးကိုချဉ်တယ်သတ်မှတ်
စွန့်ခွာ ကျောခိုင်း လမ်းတိုင်းဟာ
ခရောင်းတော ထ နေတော့တယ်



သူရ (စလင်း)

No comments:

Post a Comment