Search This Blog

Wednesday, 29 January 2014

အဆင်ပြေသလိုနေထိုင်တတ်ခြင်းဖြင့် ပုံစံခွက်အသစ်ဟာ ဘဝပဲ



လွဲနေစိတ်ကို ချည်နှောင်
ဘဝဟာ အသေပဲမဟုတ်တော့
ကျိုးကျိုးနွံနွံ ရှိလှတဲ့
သံယောဇဉ်တွေနဲ့
ဝတ္တရားကို ဖြန့်ချပြီးမှ
လူဖြစ်လာတာပဲ
နေရတာ တန်ပါတယ် လောက …… ။

ဆောင်းအရေခြုံအိပ်နေတဲ့ ညတွေ ၊ ကြယ်တွေ ၊ အပင်တွေ ၊ ကျေးငှက်တွေ ထိမိတို့မိနိုင်သမျှ အားလုံးဟာ အေးစက် ။ ရာသီဥတွေ ၊ ခေတ်တွေ ၊ နီးနီးကပ်ကပ် ကိုယ့်ရင်ထဲက စိတ်ကအစ ဖောက်ပြန် ။ ဓါးသွားကို မြနေအောင်သွေးပြီး ဓါးအိမ်ထဲထည့်ထားသလိုပေါ့ (ကိုယ်မပါဝင်) လူငယ်တွေအများစုဟာ လှောင်ပိတ် ။ ဘဝဟာ အသေဆိုတာတော့ မဟုတ်လောက်ဘူး ။ ကန်ရေပြင်ကနေ ဖောက်ထွက်မှ စမ်းချောင်းဖြစ်မှာပဲ ။ ဆင်ခြင်တုံတရားလောက်နဲ့တော့ မလုံလောက်ဘူး ။ ချစ်ခြင်းမေတ္တာနဲ့ ဆက်နွယ်သမျှ သံယောဇဉ် လိင် စတဲ့အရာအားလုံးဟာ လူ့ကျင့်ဝတ်ထဲမှာ ပိတ်မိနေခဲ့ ။ ပြောလို့မရတာ စကားလုံးတွေမှ မဟုတ်ဘဲ ၊ အသံထွက်မလာမချင်း စကားပြောခြင်းဟာ အထမမြောက်နိုင်ဘူး ။ အသံမထွက်ဘဲ နေထိုင်မှုနဲ့ အသားကျလာခဲ့သူတွေပဲ ဒီလောကဟာ နေပျော်ပါတယ် ။

မြို့ပြကနေ အူထွက်နေတဲ့
လေထုတွေ
ညစ်ညမ်းမှု ပူလောင်ခြင်း
အသားတံဆိပ် အတုလေးနဲ့
ကောင်းကင်အထိ ထိုးတက်
ငရဲအထိ တိုးဝင်
လူဖြစ်ခြင်း မဖြစ်ခြင်းဟာ
လက်တွေ ခြေတွေ ခေါင်းတွေနဲ့
မဆိုင်တော့ဘူး …… ။

အရိပ်တစ်ခုတောင်းလိုက်တိုင်း အမှောင်ဟာ အမောက်ထောင်လာ ။ အွန်လိုင်းပေါ်ကနေ နိုက်ကလပ်ကနေ ဘားခန်းကနေ အလောင်းကစားရုံတွေကနေ အကောင်းစား ဖက်ရှင်ကျမှုတွေနဲ့ ခေတ်ဟာ သွေးစီးကြောင်းအမှားထဲပျော်ဝင် ။ လူထုရဲ့ ထွက်သက်ကနေ လေထုညစ်ညမ်း သွားသလို လေထုရဲ့ ထွက်သက်မှာ လူတိုင်း ပူလောင်သွားပြီ ။ သံသယတွေကို စိတ်ချလက်ချ မွေးမြူဖို့ အချိန်ပဲ ။ တစ်စုံတစ်ယောက်ကို ထိုးနှက်ဖို့ လက်မောင်းကသွေးကို လုံလုံခြုံခြုံသိမ်းထားရမယ် ။ တော်လှန်ရေးလုပ်မယ့်အချိန်မှာ ငြိမ်းချမ်းရေးဟာ ခလုတ်ကသင်းပဲ ။ အပြစ်ရှိတဲ့လူတွေသေဆုံးဖို့ အပြစ်မဲ့တဲ့လူတွေသေဖို့မလိုဘူး ။ ဓါတုလက်နက်တွေထက် စိတ်ဓါတ်ကို ကျည်ကပ်အပြည့်ဖြည့်ပြီး မောင်းချိန်ထားရမယ် ။ ရန်သူဟာ အဖေဖြစ်နိုင်သလို အစ်ကိုလည်း ဖြစ်နိုင်တယ် ။ ကျုပ်တို့ဟာ ကွန်မြူနစ်မဟုတ်သလို ဆိုရှယ်လစ်လည်း မဟုတ်ဘူး ။ အခုချိန်မှာ ဘုရားသခင်နဲ့ ယဉ်ကျေးမှုကအစ ပစားပေးမရတော့ဘူး ။ အသိဥာဏ်နဲ့ ကိုယ်ချင်းစာတရားဆီကို ဗဟိုပြုတိုက်ခိုက်လာလိမ့်မယ် ။ ခြေတွေ ၊ လက်တွေ ၊ ခေါင်းတွေ ရှိရုံနဲ့တော့ လူဟာ ဖွဲ့စည်းတည်ဆောက်ပုံ မမှန်နိုင်ဘူး ။

ပြောင်းလဲနေတဲ့ သဘာဝတရားကြီးထဲ လူဟာ လူဖြစ်နေသေးဖို့ ဘာတွေကို လျှို့ဝှက်ထားရမှာလဲ ။ ချစ်ခြင်းမေတ္တာလား
ဟင့်အင်း မလုံလောက်နိုင်သေးဘူး ။ ကိုယ်ချင်းစာတရားလား သေချာရဲ့လား...လုံလောက်နိုင်ရဲ့လား မေးတယ် ။

အတ္တ၊ တဏှာ၊ ကာမ ဘယ်အရာဖြစ်မလဲ ။ သေချာတာကတော့ အားလုံးဟာ သူ့နေရာနဲ့သူ တစ်ခုအပေါ် တစ်ခု ထွေးယှက်နေဖို့ လိုအပ်လိမ့်မယ် ။ နေလိုက်ကြရုံပေါ့ ။ နေတတ်သလို နေထိုင်ခြင်းမှလွဲပြီး ဘာကိုရွေးခြယ်ကြရမှာလဲ ။ လေးထောင့်စတုဂံတစ်ခုကို အ၀ိုင်းလုပ်ဖို့ မကြိုးစားသင့်သလို အ၀ိုင်းတစ်ခုကိုလည်း လေးထောင့်ချိုးနေဖို့ လိုဦးမှာလား ။ စတုဂံကို စတုဂံနေရာမှာသုံးပစ်ဖို့နဲ့ အ၀ိုင်းကို အ၀ိုင်းနေရာသုံးတတ်ဖို့ပဲ ။ လိုက်လျောညီထွေ ကူးခတ်နိုင်ရင်ပဲ လူ့အဖြစ် လူလမ်းမှာ ဖြောင့်ဖြောင့်သွားနိုင်မယ် စသဖြင့်ပေါ့ သေချာတဲ့ရွေးချယ်မှုလေးကို အာရုံခံအင်္ဂါမှာ ကပ်ထားဖို့ လိုတယ် ။

ပျော်စရာကြုံရင် ပျော်လိုက်ရုံကလွဲလို့ ၀မ်းနည်းစရာကြုံရင် ၀မ်းနည်းကြလိုက်ရုံပေါ့ ။ မလိုအပ်ဘဲ ဘာတွေကို ဖုံးဖိထားရမှာလဲ ။ စိတ်ကို အပေါ့ဆုံးနေရာအထိ ပစ်လိုက်တယ် ။ ချစ်ချင်ရင် ချစ်လိုက်ရုံကလွဲလို့ မုန်းချင်တော့လည်း မုန်းလိုက်ကြရုံပေါ့ ။ စတုဂံတစ်ခုကို အ၀ိုင်းတစ်ခုထဲ ရိုက်မသွင်းမိမချင်း လူဖြစ်ရတာ နေသာပါတယ် ။ ကျန်းမာရေးချူချာနေလည်း လောကကြီးဟာ အစဉ်သဖြင့်ပေါ့ နေပျော်ပါတယ် .……... ။

ကျော်ထွန်းနိုင် + နွေစကူး

No comments:

Post a Comment